ကလေးက ခဏခဏ ဖျားနာရင် ဘာတွေ ဖြစ်လာနိုင်သလဲ
ကလေးဆိုတာက ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာ မှန်ပေမယ့် ခဏခဏ ဖျားနေတာကတော့ အဆင်မပြေပါဘူး။ ကလေးတွေက မွေးစကနေ အသက် ၅ နှစ်အတွင်းမှာ အာဟာရ ပြည့်ဝစွာ ရရှိဖို့ လိုအပ်သလို ကိုယ်ခံအား ဖွံ့ဖြိုးနေဆဲ အချိန်မှာ အခြားသော ဖွံ့ဖြိုးမှုတွေကလည်း ဖြစ်ပေါ်နေတာပါ။
ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတာတွေရော ဦးနှောက်နဲ့ မျက်လုံး ဖွံ့ဖြိုးမှုတွေပါ ဖြစ်ပေါ်နေတာပါ။ ဒီလို ဖွံ့ဖြိုးဖို့ အရှိန်ယူနေချိန်မှာ အာဟာရ ပြည့်ဝအောင် မိဘတွေဘက်က ဖြည့်ဆည်းမိဖို့ လိုသလို ခဏခဏ ဖျားနာတာမျိုး မဖြစ်အောင် ဂရုစိုက်ဖို့လည်း လိုပါမယ်။
ဒီလို ပြောရတာက ကလေးက ကြီးထွားဖွံ့ဖြိုးရမယ့် အချိန်မှာ ခဏခဏ ဖျားနာနေရမယ်ဆိုရင်တော့ စားလိုက်တဲ့ အာဟာရတွေက ကြီးထွားမှုဆီကို မထောက်ကူပေးနိုင်ဘဲ ဖျားနာမှုကို တိုက်ထုတ်ဖို့အတွက် ကိုယ်ခံအားကို အားဖြည့်လိုက်ရပါတယ်။ ဒီလို အားဖြည့်လိုက်ရတာက ကြီးထွားမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။
ကလေးတွေမှာ ခဏခဏ ဖျားတာက ပုံမှန်ပဲလား
ကလေးတွေက လူကြီးတွေထက် ပိုပြီး ဖျားနာလွယ်ပါတယ်။ အကြောင်းကတော့ အပေါ်မှာ ပြောခဲ့သလိုပဲ ကလေးတွေက ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့်ပါ။ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုက ကလေးတွေက တစ်နှစ်တာမှာ အမျိုးမျိုးသော ဗိုင်းရပ်စ် အသစ်တွေနဲ့ ထိတွေ့နေရတာကြောင့်ပါ။
တစ်နှစ်တာမှာ အအေးမိဖျားနာတာကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပေါင်း ၂၀၀ ကျော် ရှိနေပြီး မျိုးဗီဇတွေ ပြောင်းလဲလာတာကြောင့်လည်း ကလေးတွေမှာ ဖျားနာမှုကို ခံစားကြရတာပါ။ ဒီလို ထိတွေ့ရင်း ဖျားနာရင်းက ကိုယ်ခံအား ရသွားကြတာ ရှိပေမယ့် ခဏခဏ ဖျားနာနေတာကတော့ ရေရှည်မှာ ကလေးရဲ့ ကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်။
ကလေးတစ်ယောက်က တစ်နှစ်မှာ ၇ ကြိမ်ကနေ ၈ ကြိမ်လောက်အထိ ဖျားနာနိုင်ပေမယ့် တစ်လကို ၂ ကြိမ်လောက် ဖျားနာတာကတော့ ပုံမှန်ထက် ပိုပြီး ဖျားနာတာလို့ ဆိုရပါမယ်။
ဘယ်လိုအချိန်မှာ စိတ်ပူဖို့ လိုမလဲ
ကလေးက ခဏခဏ ဖျားနာတယ် ဆိုပေမယ့် ကလေးက ကိုယ်အလေးချိန်လည်း ကျသွားတာမျိုး မရှိဘူး ပုံမှန် ရှိသင့်တဲ့ ကြီးထွားမှုကို ထိခိုက်တာမျိုးလည်း မရှိဘူး ဆိုရင်တော့ စိတ်ပူစရာ မလိုပါဘူး။
တကယ်လို့ ကလေးက ခဏခဏ ဖျားတာနဲ့အတူ
- ကိုယ်အလေးချိန်ကျလာမယ်
- အကြိမ်ရေ စိတ်စိတ် ဖျားမယ်
- ကလေးက ဖျားပြီးတိုင်း အရှင်းပျောက်တယ်ရယ်လို့ မရှိဘူး ဖြစ်နေမယ်
- ဘက်တီးရီးယား ကူးစက်ခံရမှုတွေက တစ်နှစ်ကို ၆ ကြိမ်နဲ့ အထက် ဖြစ်နေမယ်
- မှက္ခရုတွေ ခဏခဏ ဖြစ်မယ်
- ပိုးသတ်ဆေး သောက်ဖို့ လိုအပ်တာမျိုးတွေအထိ ဖြစ်မယ်ဆိုရင်တော့ ကလေးကို သေချာလေး ကုသစစ်ဆေးမှု လုပ်ဆောင်ဖို့ လိုအပ်မှာပါ။
ကလေးတွေက မွေးကင်းစအရွယ်၊ လမ်းလျှောက်တတ်စ အရွယ်နဲ့ မူကြိုအရွယ်တွေမှာ တစ်နှစ်ကို ၇ ကြိမ် ကနေ ၈ကြိမ်လောက်အထိ ဖျားနာနိုင်ပေမယ့် ကျောင်းတက်တဲ့ အရွယ်မှာတော့ တစ်နှစ်ကို ၅ ကြိမ် ကနေ ၆ ကြိမ်လောက် အအေးမိတာမျိုး ရှိနိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ် ရောက်လာပြီဆိုရင်တော့ တစ်နှစ်ကို ၄ ကြိမ်လောက် ဖျားနိုင်ပါတယ်။
အအေးမိဖျားနာတာအပြင် ကလေးတွေက တစ်နှစ်ကို ၃ ကြိမ်လောက်တော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ပါတယ်။
တကယ်လို့ ကလေးက ဒီအတိုင်းအတာတွေထက် ကျော်လွန် ဖျားနာနေပြီဆိုရင်တော့ ခဏခဏ ဖျားနာနေပြီလို့ ဆိုနိုင်ပြီး ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ .
မွန်မွန်